အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 35 Judson Bible (BJB)

1. မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကိုစည်းဝေးစေ၍၊ ထာဝရဘုရားမိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊

2. ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သည်ကား အသေခံရမည်။

3. သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကိုမမွေးရဟု ဆင့်ဆို၏။

4. တဖန်မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုသည်ကား၊

5. သင်တို့တွင် ထာဝရဘုရားအား လှူသောအလှူကိုပြင်ဆင်ကြလော့။ ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

6. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊

7. အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊

8. လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

9. ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရားအားလှူသောအလှူကို ဆောင်ခဲ့ကြလော့။

10. သင်တို့တွင် လိမ္မာသောသူရှိသမျှတို့သည်လာ၍၊

11. တဲတော်နှင့် အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊

12. သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသောကုလားကာကို၎င်း၊

13. စားပွဲနှင့် သူ၏ထမ်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊

14. မီးထွန်းစရာဘို့မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊

15. နံ့သာပေါင်းရှို့သောပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝကာရန် ကုလားကာကို၎င်း၊

16. မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊

17. တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊

18. တဲတော်တံသင်၊ ဝင်းတံသင်ကြိုးများကို၎င်း၊

19. သန့်ရှင်းရာဌာန၌ အမှုတော်ကိုထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်၍ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း လုပ်ရကြမည်ဟုဆင့်ဆို၏။

20. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေထံမှထွက်သွားကြ၍၊

21. မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာတဲတော်လုပ်ဘို့၎င်း၊ အမှုတော်ထမ်းစရာဘို့၎င်း၊ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားအား လှူသောအလှူကိုဆောင်လျက် လာကြ၏။

22. ကြည်ညိုသောစေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကိုဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအားရွှေကိုလှူကြ၏။

23. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေရှိသောသူတိုင်းဆောင်ခဲ့၏။

24. ငွေနှင့် ကြေးဝါကိုလှူသောသူတိုင်း ထာဝရဘုရားအားလှူလေ၏။ အမှုတော်နှင့်ယှဉ်သောအလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသောသူတိုင်းလည်း ဆောင်ခဲ့လေ၏။

25. ရက်ကန်းတတ်သောမိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။

26. မိမိဥာဏ်နှိုးဆော်သောမိန်းမအပေါင်းတို့သည် ဆိတ်မွေးကိုရက်ကြ၏။

27. သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊

28. မီးထွန်းစရာဘို့ လိမ်းရန်ဆီဘော်ဘို့ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်းဆောင်ခဲ့ကြ၏။

29. ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူကြ၏။

30. တဖန်မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကိုအမည်ဖြင့် ခန့်ထားတော်မူပြီ။

31. သူသည် ရွှေငွေကြေးဝါကိုလုပ်သောအတတ်။

32. ကျောက်ကိုသွေး၍စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊

33. ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကိုပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။

34. သူနှင့် ဒန်အမျိုးသားအဟိသမက်၏သားအဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင်မည်အကြောင်း၊ ဥာဏ်ကိုပေးတော်မူပြီ။

35. ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။