ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 34:1-18 Judson Bible (BJB)

1. တဖန်ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။

2. နက်ဖြန်နံနက်သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကိုပြလော့။

3. သင်နှင့်အတူ အဘယ်သူမျှမတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း၌ သိုးနွားတို့ကိုကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။

4. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။

5. ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့်ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။

6. ထာဝရဘုရားသည် မောရှေရှေ့၌ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊

7. အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။

8. မောရှေသည် အလျင်အမြန်ဦးညွှတ်ချ၍ ကိုးကွယ်လျက်။

9. အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊

10. ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရားပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှုဖြစ်ကြောင်းကို သင်ပေါင်းဘော်သောလူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။

11. ယနေ့ငါမှာထားသောစကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကိုငါနှင်ထုတ်မည်။

12. သင်သည် ယခုသွားသောပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။

13. သူတို့ယဇ်ပလ္လင်များကိုဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့အာရှရပင်များကို ခုတ်လှဲရမည်။

14. အခြားသောဘုရားကို သင်သည်မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်တော်မူ၏။

15. သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အားယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍ သင်သည်ထိုယဇ်ကောင်ကိုစားမည်ဟူ၍၎င်း၊

16. သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်းစိုးရိမ်စရာရှိ၏။

17. သင်သည် ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။

18. သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 34