ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 33:1-11 Judson Bible (BJB)

1. တဖန်ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှသင်နှုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့သွားကြလော့။

2. ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ငါစေလွှတ်၍၊ သူသည်ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကိုနှင်ထုတ်၍၊

3. နို့နှင့် ပျားရည်စီးသောပြည်သို့ သင်တို့ကိုပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်၊ လမ်း၌သွားစဉ် သင်တို့ကိုငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။

4. ထိုမကောင်းသောသိတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှတန်ဆာမဆင်ဘဲနေကြ၏။

5. အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထို့ကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကိုငါသိခြင်းငှါ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအားမိန့်တော်မူနှင့်သတည်း။

6. ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကိုချွတ်ကြ၏။

7. မောရှေသည်တဲတော်ကိုယူ၍ တပ်ပြင်၌ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကိုရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာတဲတော်သို့ ထွက်သွားကြ၏။

8. မောရှေသည်တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည်ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။

9. မောရှေသည်တဲတော်အထဲသို့ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့်နှုတ်ဆက်တော်မူ၏။

10. တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကိုမြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ကိုးကွယ်ကြ၏။

11. ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 33