ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 32:21-35 Judson Bible (BJB)

21. အာရုန်ကိုလည်းခေါ်၍၊ သင်သည်သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌အဘယ်သို့ပြုသနည်းဟုမေးလျှင်၊

22. အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော်သိပါ၏။

23. သူတို့ကလည်း၊ ငါတို့ရှေ့မှာသွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အားပြောဆိုကြလျှင်၊

24. အကျွန်ုပ်က၊ ရွှေရှိသောသူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။

25. ထိုသို့ အာရုန်သည်လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာအချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊

26. တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။

27. မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

28. မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။

29. တဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။

30. နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရားအထံတော်သို့ ငါတက်သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အားဆိုပြီးမှ၊

31. ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကိုလုပ်ပါပြီ။

32. သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကိုချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏လျှောက်လျှင်၊

33. ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။

34. သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာသွားလိမ့်မည်။ သို့သော်လည်း ငါသည်အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌အပြစ်ပေးလျက်ကြွလာမည်ကို မိန့်တော်မူ၏။

35. အာရုန်နှင့် လူများတို့သည် နွားသငယ်ကိုလုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 32