ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 32:16-29 Judson Bible (BJB)

16. ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။

17. လူများကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။

18. မောရှေကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။

19. တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည်အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ချိုးဖဲ့၏။

20. သူတို့လုပ်သော နွားသငယ်ကိုလည်းယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ ဣသရေလအမျိုးသားတို့ကိုသောက်စေ၏။

21. အာရုန်ကိုလည်းခေါ်၍၊ သင်သည်သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌အဘယ်သို့ပြုသနည်းဟုမေးလျှင်၊

22. အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော်သိပါ၏။

23. သူတို့ကလည်း၊ ငါတို့ရှေ့မှာသွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အားပြောဆိုကြလျှင်၊

24. အကျွန်ုပ်က၊ ရွှေရှိသောသူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။

25. ထိုသို့ အာရုန်သည်လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာအချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊

26. တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။

27. မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

28. မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။

29. တဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 32