အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 32 Judson Bible (BJB)

1. မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာသွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟုပြောဆိုကြ၏။

2. အာရုန်ကလည်း၊ သင်တို့မယား၊ သားသမီးများ၏နား၌ဆင်သော ရွှေနားတောင်းများကိုချွတ်၍၊ ငါ့ထံသို့ဆောင်ခဲ့ကြဟုဆိုလျှင်၊

3. လူအပေါင်းတို့သည် မိမိတို့နား၌ဆင်သော ရွှေနားတောင်းများကိုချွတ်၍၊ အာရုန်ထံသို့ဆောင်ခဲ့ကြ၏။

4. အာရုန်သည်လည်းလက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင်သော သင်၏ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။

5. အာရုန်သည် ထိုအမှုကိုသိမြင်လျှင်၊ ရုပ်တုရှေ့မှာယဇ်ပလ္လင်ကိုတည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ပွဲခံရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။

6. နက်ဖြန်နံနက်စောစော လူတို့သည်ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက်ထိုင်နေကြ၏ နောက်တဖန်ကခုန်မြူးထူးခြင်းငှါ ထကြ၏။

7. ထာဝရဘုရားက၊ သင်သည်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည်ဖောက်ပြန်ကြပြီ။

8. ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကိုသွန်းပြီးလျှင်၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟုဆိုလျက်၊ ရုပ်တုရှေ့မှာယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊

9. ဤလူမျိုးကိုငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။

10. သို့ဖြစ်၍ငါ့ကိုရှိစေတော့။ ငါသည်အမျက်ပြင်းစွာထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။

11. မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာထွက်တော်မူသနည်း။

12. အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကိုတောတောင်များ၌သတ်၍ မြေကြီးပေါ်ကသုတ်သင်ပယ်ရှင်းခြင်းအလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။

13. ကိုယ်တော်က သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သောဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကိုခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကိုအောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။

14. ထာဝရဘုရားသည် မိမိလူတို့အားအပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။

15. မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်ကဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။

16. ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။

17. လူများကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။

18. မောရှေကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။

19. တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည်အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ချိုးဖဲ့၏။

20. သူတို့လုပ်သော နွားသငယ်ကိုလည်းယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ ဣသရေလအမျိုးသားတို့ကိုသောက်စေ၏။

21. အာရုန်ကိုလည်းခေါ်၍၊ သင်သည်သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌အဘယ်သို့ပြုသနည်းဟုမေးလျှင်၊

22. အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော်သိပါ၏။

23. သူတို့ကလည်း၊ ငါတို့ရှေ့မှာသွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အားပြောဆိုကြလျှင်၊

24. အကျွန်ုပ်က၊ ရွှေရှိသောသူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည်မီးထဲ၌ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။

25. ထိုသို့ အာရုန်သည်လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာအချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊

26. တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။

27. မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊

28. မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။

29. တဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။

30. နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရားအထံတော်သို့ ငါတက်သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အားဆိုပြီးမှ၊

31. ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကိုလုပ်ပါပြီ။

32. သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကိုချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏လျှောက်လျှင်၊

33. ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။

34. သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာသွားလိမ့်မည်။ သို့သော်လည်း ငါသည်အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌အပြစ်ပေးလျက်ကြွလာမည်ကို မိန့်တော်မူ၏။

35. အာရုန်နှင့် လူများတို့သည် နွားသငယ်ကိုလုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။