ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 30:26-38 Judson Bible (BJB)

26. ပရိသတ်စည်းဝေးရာတဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊

27. စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

28. မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့်လိမ်းသဖြင့်၊

29. ထိုအရာတို့ကိုအလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့်တွေ့သမျှသောအရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။

30. အာရုန်နှင့် သူ၏သားတို့ကိုလိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။

31. ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။

32. လူ၏ကိုယ်ပေါ်မှာမလောင်းရ။ ထိုဆီကိုဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။

33. ထိုဆီနှင့်တူအောင်ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

34. တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊

35. ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကိုဘော်ရမည်။

36. အချို့ကိုလည်းညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။

37. ထိုသို့သောနံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဘို့မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့သန့်ရှင်းရမည်။

38. အကြင်သူသည် မိမိရှူစရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 30