ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 28:16-35 Judson Bible (BJB)

16. နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။

17. ထိုရင်ဖုံး၌ ကျောက်မြတ်ကိုလေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊

18. ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊

19. တတိယအတန်းကား၊ ဝှါကိန္တု၊ မဟူရာ၊ ဂေါ်မိတ်။

20. စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီရမည်။

21. ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊

22. ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။

23. ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊

24. ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်းလုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌တပ်၍၊

25. သင်တိုင်းသိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲရမည်။

26. တဖန်ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌တပ်ရမည်။

27. အခြားသော ရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။

28. ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ရင်ဖုံးကို ထူးဆန်းသောရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။

29. အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားအစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာဆောင်ရမည်။

30. ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကိုသွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာဆောင်ရမည်။

31. သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာလုပ်ရမည်။

32. ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။

33. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊

34. သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊

35. အစဉ်အတိုင်းဆွဲထားရမည်။ အာရန်သည် အမှုတော်ကိုဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲမှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြားရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 28