ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:21-33 Judson Bible (BJB)

21. ထိုတမန်ကိုရိုသေစွာပြုလော့။ စကားတော်ကိုနားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။

22. အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။

23. ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကိုအာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။

24. သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်းမကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။

25. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။

26. သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။

27. ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။

28. ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကိုသင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။

29. ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တဘက်၌ များပြားလိမ့်မည်။

30. သင်သည်တိုးပွား၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင်ထုတ်မည်။

31. သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်၎င်း၊ တောမှသည်မြစ်တိုင်အောင်၎င်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။

32. သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည်မိဿဟာယမဖွဲ့ရ။

33. သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23