ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 23:11-28 Judson Bible (BJB)

11. သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်းပြုရမည်။

12. ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။

13. ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတပါးမကြားစေနှင့်။

14. တနှစ်တွင်သုံးကြိမ် ငါ့အဘို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။

15. ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

16. လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကို၎င်း၊ လယ်လုပ်၍ အသီးအနှံကိုသိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကို၎င်းခံရမည်။

17. သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။

18. ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင်မကြွင်းစေရ။

19. သင်၏မြေ၌ အဦးသီးသောအသီးအနှံအကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။

20. ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။

21. ထိုတမန်ကိုရိုသေစွာပြုလော့။ စကားတော်ကိုနားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။

22. အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။

23. ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကိုအာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။

24. သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်းမကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။

25. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။

26. သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။

27. ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။

28. ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကိုသင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 23