10. လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန်သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊
11. အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာအကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်းမလျော်ရ။
12. သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အားပြန်ပေးရမည်။
13. သားရဲကိုက်လျှင် သက်သေဘို့အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။
14. လူသည်အိမ်နီးချင်း၌ တစုံတခုကိုငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ အမှန်လျော်ရမည်။
15. ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည်မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။
16. မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌မြှောက်ထားရမည်။
17. မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။
18. စုန်းမကိုအသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။
19. တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
20. ထာဝရဘုရားမှတပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။
21. တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။
22. မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကိုသင်တို့သည် မနှောင့်ရှက်ရ။