9. မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။
10. အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။
11. ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲလွှတ်ရမည်။
12. လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
13. အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။
14. အိမ်နီးချင်းကိုသတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။
15. မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။
16. လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။
17. မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
18. လူချင်းခိုက်ရန်ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည်မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊
19. တဖန်ထ၍တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကိုအပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည်အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။
20. သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကိုဒုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။
21. သို့ရာတွင် ကျွန်သည်တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကိုပိုင်သောကြောင့် ဒဏ်နှင့်လွတ်ရမည်။
22. လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။