17. သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။
18. ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။
19. သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။
20. အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
21. မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
22. ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
23. ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။
24. သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
25. ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။