ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 2:12-25 Judson Bible (BJB)

12. ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။

13. နက်ဖြန်နေ့၌ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကိုမြင်လျှင်၊ သင်သည်သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအားမေးသည်ရှိသော်၊

14. ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။

15. ထိုသိတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။

16. ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌လောင်းကြ၏။

17. သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။

18. ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။

19. သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။

20. အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။

21. မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။

22. ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။

23. ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။

24. သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။

25. ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 2