ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 2:1-12 Judson Bible (BJB)

1. ထိုကာလ၌လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊

2. မိန်းမသည်ပဋိသန္ဓေယူသဖြင့် သားယောက်ျားကိုဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကိုအမိမြင်လျှင်၊ သုံးလပတ်လုံးဖွက်ထားလေ၏။

3. နောက်တဖန်ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။

4. သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။

5. ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကိုစေလွှတ်လေ၏။

6. ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊

7. သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊

8. မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။

9. ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဘို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။

10. သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။

11. မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊

12. ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 2