အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 16 Judson Bible (BJB)

1. တဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။

2. ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊

3. ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကိုငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။

4. ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။

5. နေ့တိုင်းသိမ်းယူသောအရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။

6. မောရှေနှင့်အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသည်ဟု ယနေ့ညဦးယံ၌ သင်တို့သိကြလိမ့်မည်။

7. နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကိုအပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆိုလေ၏။

8. တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူဖြစ်သနည်း။ သင်တို့သည်အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရားကိုထိခိုက်သည်ဟု ဆိုလေ၏။

9. တဖန်သင်တို့သည်အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊

10. အာရုန်သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။

11. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကိုငါကြားရပြီ။

12. ညဦးယံ၌ သင်တို့သည်အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

13. ညဦးယံ၌ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။

14. နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာရှိရစ်လေ၏။

15. ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟုမသိသောကြောင့်၊ တယောက်ကို တယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။

16. လူတိုင်းမိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက်တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။

17. ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။

18. ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။

19. မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊

20. အချို့တို့သည် မောရှေစကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍နံလေသော်၊ မောရှေသည်အမျက်ထွက်၏။

21. ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါအရေဖြစ်လေ၏။

22. ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။

23. သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။

24. မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင်သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။

25. မောရှေကလည်း၊ ကျန်သောအရာကိုယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကိုတော၌မတွေ့ရ။

26. ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။

27. ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည်သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။

28. ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။

29. ထာဝရဘုရားသည်ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအားမိန့်တော်မူ၏။

30. ထိုကြောင့် လူများတို့သည်ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။

31. ဣသရေလအမျိုးသားတို့သည် ထိုစားစရာကိုမန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။

32. မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကိုပြန်ပြောလေ၏။

33. တဖန်အာရုန်ကိုလည်း၊ အိုးတလုံးကိုယူ၍ မန္နတဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဘို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊

34. မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။

35. ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံးမန္နကိုစားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင်မန္နကိုစားကြ၏။

36. ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။