အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 15 Judson Bible (BJB)

1. ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကားဟူမူကား၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။

2. ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။

3. ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။

4. ဖာရောဘုရင်၏ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။ ရွေးသောဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။

5. နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။

6. အိုထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့်ဘုန်းကြီးတော်မူ၏။ အိုထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။

7. ကိုယ်တော် တဘက်၌ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကိုလွှတ်၍၊ သူတို့ကိုအမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။

8. နှာခေါင်းတော်လေအားဖြင့် ရေသည်စုဝေး၍၊ စီးသောရေသည်ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည်တောင့်မာလျက်နေရ၏။

9. ရန်သူက၊ ငါလိုက်မည်။ သူတို့ကိုမှီလိမ့်မည်။ လုယူသောဥစ္စာကိုဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကိုအိမ်မှထုတ်၍ သူတို့ကို ငါ့လက်နှင့်ဖျက်ဆီးမည်ဟု ဆိုသတည်း။

10. ကိုယ်တော်သည် လေကိုမှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည်အားကြီးသောရေထဲမှာ ခဲကဲ့သို့ဆင်းကြလေ၏။

11. အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကိုခံစဉ်တွင်၊ ကြောက်မက်ဘွယ်ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကိုပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။

12. လက်ျာလက်တော်ကိုဆန့်တော်မူသဖြင့်၊ သူတို့ကိုမြေမြှုပ်လေ၏။

13. ရွေးတော်မူသောလူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသောနေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။

14. လူမျိုးတို့သည်သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်။

15. ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

16. အိုထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည်လွန်သွားသောအခါ၊ ရွေးတော်မူသောကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည်ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။

17. အိုထာဝရဘုရား၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူသောအရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုထာဝရဘုရား၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်၌နေရာချတော်မူလိမ့်မည်။

18. ထာဝရဘုရားသည် ကာလအစဉ်အမြဲစိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။

19. အကြောင်းမူကား၊ ဖာရောဘုရင်၏မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကိုလွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားကြ၏။

20. အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက်လိုက်သွားကြ၏။

21. မိရိအံကလည်း၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီဟု သူတို့နှင့်အသံပြိုင်၍ဆိုလေ၏။

22. ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကိုမတွေ့မရကြ။

23. မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကိုမာရဟုသမုတ်ကြသတည်း။

24. လူများတို့သည် မောရှေကိုအပြစ်တင်၍မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟုဆိုကြ၏။

25. မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကိုပြတော်မူ၏။ ထိုအပင်ကိုရေထဲသို့ချပြီးလျှင်၊ ရေသည်ချိုလေ၏။ ထိုအရပ်၌ သူတို့ကိုစုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊

26. သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌မစွဲစေ။ ငါသည် သင်တို့၏ရောဂါကိုငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

27. ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင်ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာတပ်ချကြ၏။