ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 14:20-31 Judson Bible (BJB)

20. ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကိုပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့် တဦးမချဉ်းနိုင်ရာ။

21. မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည်ကွဲပြတ်လျက်ရှိ၏။

22. ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၍၊ ရေသည် သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။

23. အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။

24. နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ရှက်တော်မူ၏။

25. သူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟုပြောဆိုကြ၏။

26. ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

27. မိုဃ်းလင်းသောအခါ၊ မောရှေသည်လက်ကို ပင်လယ်ပေါ်မှာဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌လှဲတော်မူ၏။

28. ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊

29. ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။

30. ထိုသို့ထာဝရဘုရားသည် ထိုနေ့၌ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူအသေကောင်တို့ကို မြင်ရကြ၏။

31. ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည်မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန်မောရှေကို ယုံကြည်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 14