ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 13:8-21 Judson Bible (BJB)

8. ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့်ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြောရမည်။

9. ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။

10. ထို့ကြောင့်စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။

11. သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကိုပို့ဆောင်၍၊ ထိုပြည်ကိုပေးသနားတော်မူသောအခါ၊

12. သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။

13. မြည်းမ၌ အဦးဘွားသောမြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။

14. နောင်ကာလ၌သင်၏သားကလည်း၊ အဘယ်သို့နည်းဟုမေးမြန်းလျှင်၊ သင်ကလည်းကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကိုနှုတ်ဆောင်တော်မူ၏။

15. ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။

16. ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။

17. ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။

18. ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။

19. အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။

20. တဖန်သူတို့သည် သုကုတ်အရပ်မှထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။

21. သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့ကကြွတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 13