ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:31-45 Judson Bible (BJB)

31. ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကိုခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲကထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအားသွား၍ ဝတ်ပြုကြလော့။

32. သင်တို့တောင်းသည်အတိုင်း သိုးနွားများကိုယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။

33. အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။

34. ထိုလူတို့သည် တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွထုပ်၍ထမ်းကြ၏။

35. မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာများကို အဲဂုတ္တုလူတို့၌တောင်းကြ၏။

36. တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတနာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရားပေးတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကိုလုယူကြ၏။

37. ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကိုမဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှရှိသောသူတို့သည်၊ ရာမသက်မြို့မှထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။

38. အမျိုးမျိုးသောလူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။

39. တဆေးမရောဘဲ အဲဂုတ္တုပြည်မှဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကိုဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကိုမပြင်မှီကြ။

40. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်၍၊ တည်နေကြသောကာလ နှစ်ပေါင်းလေးရာသုံးဆယ် ဖြစ်သတည်း။

41. အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည်မှထွက်သွားကြ၏။

42. အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။

43. ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။

44. သို့ရာတွင် ငွေနှင့်ဝယ်သောကျွန်သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးလျှင် စားရ၏။

45. တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12