ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:20-29 Judson Bible (BJB)

20. သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာစားရမည်ဟု မိန့်တော်မူ၏။

21. ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဘို့သတ်ကြလော့။

22. ဟုဿုပ်ပင်ညွန့်တစည်းကိုယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင်နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက်မသွားရ။

23. အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။

24. သင်တို့နှင့် သင်တို့၏သားများ၌ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲစောင့်ရကြမည်။

25. ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။

26. သင်တို့၏သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊

27. ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ပသခါယဇ်ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည်ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။

28. ထိုသို့ မောရှေနှင့်အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

29. သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သောဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှကို၎င်း ဒဏ်ခတ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12