ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 12:15-24 Judson Bible (BJB)

15. ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။

16. ပဌမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ ထိုနေ့ရက်၌ လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။

17. ထိုအဇုမပွဲကိုခံရသောအကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲကငါနှုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက်မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။

18. ပဌမလဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ညဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။

19. ခုနစ်ရက်ပတ်လုံးသင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုးပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။

20. သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာစားရမည်ဟု မိန့်တော်မူ၏။

21. ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဘို့သတ်ကြလော့။

22. ဟုဿုပ်ပင်ညွန့်တစည်းကိုယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင်နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက်မသွားရ။

23. အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။

24. သင်တို့နှင့် သင်တို့၏သားများ၌ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲစောင့်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 12