17. သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကိုသည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟုဆိုသည်ရှိသော်၊
18. မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကိုတောင်းပန်လေ၏။
19. ထာဝရဘုရားသည် အားကြီးသောအနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကိုဆောင်သွား၍ ဧဒုံပင်လယ်၌ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှမကျန်ရစ်။
20. သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။
21. တဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
22. မောရှေသည် မိမိလက်ကိုမိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သောမှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
23. ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။
24. ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သိုးနွားများကိုထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။
25. မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။
26. ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟုဆိုလေသော်၊
27. ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကိုခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုမလွှတ်။