အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 10 Judson Bible (BJB)

1. တဖန်ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ပြခြင်းငှာ၎င်း၊

2. အဲဂုတ္တုပြည်၌ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အားကြားပြောသဖြင့်၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။

3. မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ်မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်း။ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။

4. သို့မဟုတ် ငါ၏လူတို့ကိုမလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန်ငါဆောင်ခဲ့မည်။

5. မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသောအပင်တို့ကို၎င်း စားကြလိမ့်မည်။

6. သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည်ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။

7. ဖာရောဘုရင်၏ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှကာလပတ်လုံး နှောင့်ရှက်ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟုလျှောက်ကြလျှင်၊

8. မောရှေနှင့် အာရုန်ကို တဖန်ဖာရောဘုရင်ထံသို့သွင်းပြန်၍၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊

9. မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊

10. ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကိုငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။

11. ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအားဝတ်ပြုကြဟု မိန့်တော်မူသဖြင့်၊ သူတို့ကိုအထံတော်မှ နှင်ကြလေ၏။

12. ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင်ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

13. မောရှေသည် မိမိလှံတံကိုအဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကိုဆောင်ခဲ့လေ၏။

14. ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကိုလွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာနားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်းမဖြစ်ရလတံ့။

15. မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကိုဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာတစုံတခုမျှ မကျန်ရစ်။

16. ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုအလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်းငါပြစ်မှားပါပြီ။

17. သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကိုသည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟုဆိုသည်ရှိသော်၊

18. မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကိုတောင်းပန်လေ၏။

19. ထာဝရဘုရားသည် အားကြီးသောအနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကိုဆောင်သွား၍ ဧဒုံပင်လယ်၌ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှမကျန်ရစ်။

20. သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။

21. တဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

22. မောရှေသည် မိမိလက်ကိုမိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သောမှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။

23. ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။

24. ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သိုးနွားများကိုထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။

25. မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။

26. ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟုဆိုလေသော်၊

27. ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကိုခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုမလွှတ်။

28. မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌သေမည်ဟု မိန့်တော်မူ၏။

29. မောရှေကလည်း၊ မိန့်တော်မူချက်သည်လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို၏။