1. မိမိတို့အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား၊
2. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
3. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
4-5. ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည်အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။
6. ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။
7. ဣသရေလအမျိုးသားတို့သည်သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌နှံ့ပြားကြလေ၏။
8. ထိုနောက်မှအဲဂုတ္တုပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။
9. ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။
10. လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲကထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။
11. ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။