ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 9:4-15 Judson Bible (BJB)

4. သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကိုသင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကိုအပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှနှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။

5. သင်ပြုသောကုသိုလ်ကြောင့်၎င်း၊ ဖြောင့်မတ်သောသဘောကြောင့်၎င်း၊ ထိုပြည်ကိုသွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောစကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။

6. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သောပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။

7. သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကိုမမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ရောက်သည်တိုင်အောင် ထာဝရဘုရားကိုပုန်ကန်ပြီ။

8. ဟောရပ်အရပ်၌ ထာဝရဘုရားကိုအမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။

9. ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သောပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကိုခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံးမုန့်ကိုမစား၊ ရေကိုမသောက်ဘဲ တောင်ပေါ်မှာနေလေ၏။

10. သင်တို့သည်စည်းဝေးကြသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမြွက်ဆိုတော်မူသော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသောကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရားသည် ငါ့အားအပ်ပေးတော်မူ၏။

11. အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ထာဝရဘုရားသည် ငါ့အားပေးတော်မူလျှင်၊

12. သင်သည်ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည်ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကိုသွန်းကြပြီဟု မိန့်တော်မူ၏။

13. တဖန်ထာဝရဘုရားက၊ ဤလူမျိုးကိုငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။

14. သို့ဖြစ်၍ငါ့ကိုရှိစေလော့။ သူတို့ကိုငါဖျက်ဆီးမည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာငါချေမည်။ သင့်ကိုမူကား၊ သူတို့ထက်အားကြီး၍ များပြား သောအမျိုးဖြစ်စေမည်ဟု ငါ့အားမိန့်တော်မူ၏။

15. ထိုအခါငါသည် ပဋိညာဉ်ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ လှည့်၍ မီးလောင်သောတောင်ပေါ်က ဆင်းလာ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 9