ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 9:15-29 Judson Bible (BJB)

15. ထိုအခါငါသည် ပဋိညာဉ်ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ လှည့်၍ မီးလောင်သောတောင်ပေါ်က ဆင်းလာ၏။

16. သင်တို့သည် သင်တို့ဘုရားသခင်၊ ထာဝရဘုရားကိုပြစ်မှား၍၊ နွားသငယ်ရုပ်တုကိုသွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန်လွှဲသွားကြောင်းကို ငါသည်ကြည့်မြင်လျှင်၊

17. လက်နှစ်ဘက်နှင့်ကိုင်သောကျောက်ပြားတို့ကိုချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။

18. သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသောအပြစ်ရှိသမျှတို့ကြောင့်၊ ငါသည်အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော်၌ပြပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံးမုန့်ကိုမစား၊ ရေကို မသောက်ဘဲနေရ၏။

19. အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက်တော်အရှိန်ကိုငါကြောက်၏။ သို့ရာတွင် ထာဝရဘုရားသည် ငါ့စကားကိုတဖန်နားထောင်တော်မူ၏။

20. ထာဝရဘုရားသည်လည်း၊ အာရုန်ကိုဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။

21. သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သောနွားသငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ်အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲကထွက်သော ချောင်းရေပေါ်မှာချပစ်လေ၏။

22. တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်အောင် ပြုကြ၏။

23. ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကိုစေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကိုနားမထောင်ဘဲနေကြ၏။

24. ငါသိကျွမ်းသောနေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။

25. ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည်အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံးပြပ်ဝပ်လျက်နေရ၏။

26. ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသောလက်တော်နှင့် အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ကိုဖျက်ဆီးတော်မမူပါနှင့်။

27. ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသောသဘောရှိ၍၊ ပြစ်မှားမိသောဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့်။

28. သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသောပြည်သားတို့က၊ ထာဝရဘုရားသည် ဂတိထားသောပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၎င်း၊ သူတို့ကိုမုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါလိမ့်မည်တကား။

29. ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 9