ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 9:1-12 Judson Bible (BJB)

1. အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ကိုထိသောမြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို၎င်း၊

2. အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင်သနည်းဟူသောစကားကို သင်ကြား၍၊ သင်သိသောအာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ်တဘက်သို့ကူးလုပြီ။

3. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်သင့်ရှေ့မှာကြွသဖြင့်၊ လောင်သောမီးကဲ့သို့ဖြစ်လျက် သူတို့ကိုဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခုသဘောကျလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်သည် သူတို့ကိုနှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။

4. သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကိုသင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကိုအပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှနှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။

5. သင်ပြုသောကုသိုလ်ကြောင့်၎င်း၊ ဖြောင့်မတ်သောသဘောကြောင့်၎င်း၊ ထိုပြည်ကိုသွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောစကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။

6. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သောပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။

7. သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကိုမမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ရောက်သည်တိုင်အောင် ထာဝရဘုရားကိုပုန်ကန်ပြီ။

8. ဟောရပ်အရပ်၌ ထာဝရဘုရားကိုအမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။

9. ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သောပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကိုခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံးမုန့်ကိုမစား၊ ရေကိုမသောက်ဘဲ တောင်ပေါ်မှာနေလေ၏။

10. သင်တို့သည်စည်းဝေးကြသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမြွက်ဆိုတော်မူသော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသောကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရားသည် ငါ့အားအပ်ပေးတော်မူ၏။

11. အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ထာဝရဘုရားသည် ငါ့အားပေးတော်မူလျှင်၊

12. သင်သည်ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည်ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကိုသွန်းကြပြီဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 9