ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 7:11-26 Judson Bible (BJB)

11. သို့ဖြစ်၍ ယနေ့ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်ရမည်။

12. ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာနားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်တော်မူမည်။

13. သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို၎င်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေးတော်မူမည်။

14. သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းကြီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။

15. ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသောအဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။

16. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကိုဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ ဘုရားအားဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းဖြစ်လိမ့်မည်။

17. ထိုလူမျိုးတို့သည်ငါ့ထက်သာ၍များ၏။ ငါသည်သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည်စိတ်ထဲမှာအောက်မေ့လျက်၊

18. သူတို့ကိုမကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်တပြည်လုံး၌ ပြုတော်မူသောအမှုကို၎င်း၊

19. ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ဘုရားသခင် ထာဝရဘုရားပြုတော်မူမည်။

20. ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေသောသူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင်စေလွှတ်တော်မူမည်။

21. သူတို့ကြောင့် ထိတ်လန့်ခြင်းမရှိရ။ အကြောင်းမူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင်ရှိတော် မူ၏။

22. သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံကတရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌များပြားမည်ကို စိုးရိမ်၍၊ သူတို့ကိုချက်ခြင်းမပယ်မရှားသင့်။

23. သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကိုသင်၌အပ်၍၊ သူတို့မပျက်စီးမှီတိုင်အောင်၊ ကြီးစွာသောပျက်စီးခြင်းကို စီရင်တော်မူမည်။

24. သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှာပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ရာ။

25. သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင်အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။

26. စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သော အရာပင်ဖြစ်ပေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 7