ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 7:11-20 Judson Bible (BJB)

11. သို့ဖြစ်၍ ယနေ့ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်ရမည်။

12. ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာနားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်တော်မူမည်။

13. သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို၎င်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေးတော်မူမည်။

14. သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းကြီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။

15. ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသောအဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။

16. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကိုဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ ဘုရားအားဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းဖြစ်လိမ့်မည်။

17. ထိုလူမျိုးတို့သည်ငါ့ထက်သာ၍များ၏။ ငါသည်သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည်စိတ်ထဲမှာအောက်မေ့လျက်၊

18. သူတို့ကိုမကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်တပြည်လုံး၌ ပြုတော်မူသောအမှုကို၎င်း၊

19. ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ဘုရားသခင် ထာဝရဘုရားပြုတော်မူမည်။

20. ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေသောသူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင်စေလွှတ်တော်မူမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 7