ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 4:4-24 Judson Bible (BJB)

4. သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။

5. သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဘို့၊ ငါ၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။

6. သို့ဖြစ်၍ ထိုပညတ်တရားတို့ကိုကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဥာဏ်ပညာ သည်ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဥာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။

7. ငါတို့သည်ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကိုခံရသည်နည်းတူ၊ အခြားသောဘုရား ကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီးခံရသနည်း။

8. ငါသည် ယနေ့သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။

9. သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံးနှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်းသွန်သင်ကြလော့။

10. ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေး တို့အားသွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊

11. သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ရပ်နေကြ၏။ တောင်ထိပ်သည် မိုဃ်းကောင်းကင်အလယ်၌မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုဃ်းတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။

12. ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။

13. သင်တို့ကျင့်စရာဘို့မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကိုမိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။

14. သင်တို့သည်သွား၍ ဝင်စားသောပြည်၌ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။

15. ဟောအရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊

16. နောက်တဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊

17. မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုဃ်းကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဍာန်၊

18. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဍာန်ရှိသောရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အကြောင်း၊

19. မိုဃ်းကောင်းကင်ကိုမြော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုဃ်းကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကိုဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင်၍မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။

20. သင်တို့သည်ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရားအမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။

21. ထိုမှတပါး၊ ထာဝရဘုရားသည်သင်တို့အတွက် ငါ့ကိုအမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ်တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။

22. သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကိုမကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။

23. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၌ထားတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့၍၊ သင်တို့ဘုရားသခင် ထာဝရဘုရားမြစ်တားတော်မူသော အရာတို့၏ သဏ္ဍာန်ရှိသောရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။

24. အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားဖြစ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 4