ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 32:34-50 Judson Bible (BJB)

34. ဤအမှုသည် ငါ့ထံမှာသိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

35. အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။

36. ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊

37. သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

38. သူတို့ပူဇော်သော ဆီဥကိုစား၍ သွန်းလောင်းရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည်ထ၍ သင်တို့ကို ကွယ်ကာစောင့်မပါလေစေ။

39. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်းရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

40. ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက်ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။

41. ငါသည် ပြောင်လက်သောထားကိုသွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အလျောက် ငါဆပ်ပေးမည်။

42. ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထားသည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရသောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။

43. တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက်ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူတို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊

44. ဤသီချင်းစကားကို မောရှေသည်လာ၍ နုန်သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။

45. ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင်ဟောပြောမြွက်ဆိုပြီးလျှင်၊

46. သင်တို့အား ယနေ့ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။

47. ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ ဤအမှုကိုစောင့်ရှောက်လျှင်၊ ကိုယ်အသက်တာရှည်ကြလိမ့်မည်ဟု ပြောဆို၏။

48. ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့တဘက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗောတောင်ထိပ်ပေါ်သို့တက်၍၊

49. ဣသရေလအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကို ကြည့်ရှုလော့။

50. သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 32