ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 32:12-28 Judson Bible (BJB)

12. ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှမရှိ။

13. မြေကြီးပေါ်မှာမြင့်မြတ်သောအရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကို၎င်း၊ မီးပါကျောက်ထဲကဆီကို၎င်း၊

14. သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီးဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကိုသောက်ရ၏။

15. သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန်လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက်နေသဖြင့်၊ ဖန်ဆင်းတော်မူသောဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင်ပြုလေ၏။

16. သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။

17. ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသောဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့အား ယဇ်ပူဇော်ကြ၏။

18. သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။

19. ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊

20. ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသောအမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။

21. ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ၎င်း ငါပြုမည်။

22. ငါသည် အမျက်ထွက်၍မီးရှို့သဖြင့်၊ အနက်ဆုံးသောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကိုကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင်လိမ့်မည်။

23. သူတို့အပေါ်မှာ ဘေးဥပဒ်များကိုငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။

24. သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကိုခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေးအားဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏သွားကို၎င်း၊ မြေ၌ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ်မည်။

25. အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကြောက်မက်ဘွယ်သောဘေးသည် လူပျိုနှင့် အပျိုကို၎င်း၊ နို့စို့သူငယ်နှင့် ဦးဆံဖြူသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။

26. ရန်သူ၏မာန်မာနကို ငါမကြောက်လျှင်၎င်း၊

27. ရန်ဘက်ပြုသောသူတို့သည်ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှမအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။

28. အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 32