ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 3:9-21 Judson Bible (BJB)

9. ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်းခေါ်ဝေါ်ကြ၏။

10. ချိုင့်၌ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည်တရှောက်လုံး၊ ဩဃမင်း၏နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကိုသိမ်းယူကြ၏။

11. အလွန်ကြီးမားသောလူမျိုးမှဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံခုတင်သည် အမ္မုန်ပြည်၊ ရဗ္ဗတ်မြို့၌ရှိသည်မဟုတ်လော။

12. ထိုအခါငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အားငါပေး၏။

13. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသောနိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည်လုံးကို မနာရှေအမျိုးသားတဝက်အားငါပေး၏။

14. မနာရှေအမျိုးသားယာဣရသည်၊ အာဂေါဘတိုင်းတတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။

15. ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။

16. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင်မြေတရှောက်လုံးကို၎င်း၊

17. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက်အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်းငါပေး၏။

18. ထိုအခါငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။

19. ထာဝရဘုရားသည် သင်တို့အားချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင်၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။

20. သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကိုငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။

21. ထိုအခါယောရှုကိုလည်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှုအလုံးစုံကို သင်သည်ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသောတိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 3