ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 3:1-13 Judson Bible (BJB)

1. ထိုအခါငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှါချီလာ၏။

2. ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။

3. ထိုသို့ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။

4. ထိုအခါ ငါတို့သည်မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင်ဩဃမင်း၏နိုင်ငံကို၊ တမြို့မျှမကြွင်းစေခြင်းငှါ တိုက်ယူကြ၏။

5. ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသောရွာတို့ကိုလည်းတိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။

6. ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကိုသုတ်သင်ပယ်ရှင်းကြ၏။

7. တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများရှိသမျှတို့ကို ကိုယ်ဘို့သိမ်းယူကြ၏။

8. ထိုအခါအာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။

9. ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်းခေါ်ဝေါ်ကြ၏။

10. ချိုင့်၌ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည်တရှောက်လုံး၊ ဩဃမင်း၏နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကိုသိမ်းယူကြ၏။

11. အလွန်ကြီးမားသောလူမျိုးမှဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံခုတင်သည် အမ္မုန်ပြည်၊ ရဗ္ဗတ်မြို့၌ရှိသည်မဟုတ်လော။

12. ထိုအခါငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အားငါပေး၏။

13. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသောနိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည်လုံးကို မနာရှေအမျိုးသားတဝက်အားငါပေး၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 3