အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 3 Judson Bible (BJB)

1. ထိုအခါငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှါချီလာ၏။

2. ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။

3. ထိုသို့ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။

4. ထိုအခါ ငါတို့သည်မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင်ဩဃမင်း၏နိုင်ငံကို၊ တမြို့မျှမကြွင်းစေခြင်းငှါ တိုက်ယူကြ၏။

5. ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသောရွာတို့ကိုလည်းတိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။

6. ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကိုသုတ်သင်ပယ်ရှင်းကြ၏။

7. တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများရှိသမျှတို့ကို ကိုယ်ဘို့သိမ်းယူကြ၏။

8. ထိုအခါအာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။

9. ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်းခေါ်ဝေါ်ကြ၏။

10. ချိုင့်၌ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည်တရှောက်လုံး၊ ဩဃမင်း၏နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကိုသိမ်းယူကြ၏။

11. အလွန်ကြီးမားသောလူမျိုးမှဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံခုတင်သည် အမ္မုန်ပြည်၊ ရဗ္ဗတ်မြို့၌ရှိသည်မဟုတ်လော။

12. ထိုအခါငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အားငါပေး၏။

13. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသောနိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည်လုံးကို မနာရှေအမျိုးသားတဝက်အားငါပေး၏။

14. မနာရှေအမျိုးသားယာဣရသည်၊ အာဂေါဘတိုင်းတတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။

15. ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။

16. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင်မြေတရှောက်လုံးကို၎င်း၊

17. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက်အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်းငါပေး၏။

18. ထိုအခါငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။

19. ထာဝရဘုရားသည် သင်တို့အားချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင်၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။

20. သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကိုငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။

21. ထိုအခါယောရှုကိုလည်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှုအလုံးစုံကို သင်သည်ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသောတိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။

22. ထိုသူတို့ကိုမကြောက်နှင့်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။

23. ထိုအခါထာဝရဘုရားကို ငါတောင်းပန်သည်ကား၊

24. အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီးသောလက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော်စီရင်၍ တန်ခိုးတော်ကိုပြသည်အတိုင်း၊ ကောင်းကင်မြေကြီးပေါ်မှာ အဘယ်မည်သောဘုရားပြုနိုင်ပါသနည်း။

25. အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သောတောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊

26. ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကိုအမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကိုနားထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သောစကားကို နောက်တဖန်မလျှောက်နှင့်။

27. ပိသဂါတောင်ထိပ်ပေါ်သို့တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မြော်၍ ထိုပြည်ကိုကြည့်ရှုလော့။ ယော်ဒန်မြစ်ကိုမကူးရ။

28. သို့ရာတွင် ယောရှုကိုမှာခဲ့၍အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကိုအမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ၏။

29. ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက်၌ရှိသောချိုင့်တွင် နေရကြ၏။