အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 20 Judson Bible (BJB)

1. သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။

2. စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍၊

3. အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။

4. အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အား ပြောဆိုရကြမည်။

5. ဗိုလ်တို့ကလည်း၊ အိမ်သစ်ကိုဆောက်၍ ဘုရားသခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။

6. စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။

7. မိန်းမနှင့် လက်ထပ်၍ မသိမ်းရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်းလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။

8. တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။

9. ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။

10. သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်းသောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။

11. ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အားအခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။

12. သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက်လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊

13. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။

14. မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှရသော ဥစ္စာကို စားရမည်။

15. ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။

16. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။

17. ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် မိမိတို့ဘုရားများ၌ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊

18. သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။

19. သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ်ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာစားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကိုဆောင်၍ အပင်ကို မလှဲရ။

20. သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။