ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 2:10-26 Judson Bible (BJB)

10. ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။

11. ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ခေါ်ကြ၏။

12. ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။

13. ယခုထ၍ ဇေရက်ချောင်းကိုကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကိုကူးကြ၏။

14. ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။

15. ထိုသူတို့မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရဘုရားသည် သူတို့ကို အလုံးအရင်းထဲကပယ်ရှားခြင်းငှါ လက်တော်ကိုဆန့်တော်မူ၏။

16. စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေကွယ်ပျောက်ပြီးမှ၊

17. ထာဝရဘုရားက၊ သင်သည်မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။

18. အမ္မုန်အမျိုးသားတို့အနီးသို့ရောက်သောအခါ သူတို့ကိုမနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။

19. အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အားငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။

20. ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည်နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ခေါ်ကြ၏။

21. ထိုလူမျိုးသည်အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူဖြစ်ကြ၏။

22. သို့သော်လည်း စိရပြည်၌နေသောဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည်နေကြ၏။

23. ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည်ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။

24. သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။

25. မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

26. ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 2