ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 1:1-17 Judson Bible (BJB)

1. တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တဘက်၊ ပါရန်မြို့၊ တောဖလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အားဟောပြောသောစကားများကို ပြန်ရလေသည်မှာ၊

2. ကာဒေရှဗာနာအရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီးကွာသတည်း။

3. မောရှေသည်ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်ကို၎င်း၊

4. ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာသမလ၊

5. ပဌမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားသော် မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အားဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊

6. ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဟောရပ်အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည်ကာလအချိန်စေ့အောင် ဤတောင်၌နေကြပြီ။

7. လှည့်လည်၍ခရီးသွားကြလော့။ အာမောရိတောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်၎င်း သွားကြလော့။

8. ထိုပြည်ကို သင်တို့ရှေ့မှာငါထားပြီ။ ထာဝရဘုရားသည် သင်တို့အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍၊ သူတို့အမျိုးအနွယ်အားပေးမည်ဟု ကျိန်တော်မူသောပြည်ကို ဝင်၍သိမ်းယူကြလော့ဟု မိန့်တော်မူ၏။

9. ထိုအခါသင်တို့အားငါပြောသည်ကား၊ သင်တို့အမှုကို ငါတယောက်တည်း မထမ်းနိုင်။

10. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုများပြားစေတော်မူ၍၊ သင်တို့သည် အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ဖြစ်ကြ၏။

11. သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူပါစေသော။

12. သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ထမ်းနိုင်မည်နည်း။

13. ဥာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊

14. သင်တို့က ကိုယ်တော်ပြောသည်အတိုင်းပြုကောင်းပါသည်ဟု ပြန်ဆိုကြ၏။

15. ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသောလူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်းဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော်အရာ၌ခန့်ထား၏။

16. တရားသူကြီးတို့အားလည်း၊ သင်တို့ ညီအစ်ကို၏အမှုတို့ကိုနားထောင်၍ အမျိုးသားချင်းတရားတွေ့သည်ဖြစ်စေ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့်စီရင်ကြလော့။

17. တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကိုမထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့မှတ်ရမည်။ အဘယ်လူကိုမျှမကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သောအမှုကို ငါ့ထံမှာအယူခံရမည်။ ငါလည်း နားထောင်မည်ဟု မှာခဲ့၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 1