အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 9 Judson Bible (BJB)

1. အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား

2. ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။

3. စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သောကာလအချိန်တည်းဟူသော ယခုလ တဆယ်လေးရက်နေ့ ညဦးယံ၌စောင့်ရကြမည်ဟု မိန့်တော်မူ၏။

4. ဣသရေလအမျိုးသားတို့သည် ပသခါပွဲကိုခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊

5. သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

6. ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊

7. အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကိုမပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။

8. မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။

9. ထိုအခါမောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

10. သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။

11. ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။

12. ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။

13. ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကို ခံရမည်။

14. သင်တို့ထံမှာတည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကိုခံခြင်းငှါ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသောတပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်းသာရှိရကြမည်ဟု မိန့်တော်မူ၏။

15. တဲတော်ကိုထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာတည်၍၊ သက်သေခံချက်တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။

16. ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။

17. မိုဃ်းတိမ်သည် တဲတော်အပေါ်မှကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကိုဆောက်ပြန်ကြ၏။

18. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းလည်း တဲများကိုဆောက်ကြ၏။ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာတည်နေသမျှသော ကာလပတ်လုံး သူတို့သည် တဲ၌နေကြ၏။

19. မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေကြ၏။

20. မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရားအမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။

21. ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်းတိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီးသွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။

22. နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသောကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန်သောအခါ ခရီးသွားကြ၏။

23. ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။