ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 35:2-19 Judson Bible (BJB)

2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ်တို့ကို၎င်း၊ ပေးရကြမည်။

3. ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။

4. လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တထောင် ကျယ်စေရမည်။

5. မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ်အတိုင်း အရှည်ဖြစ်ရသတည်း။

6. လေဝိသားတို့အားပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကိုရွေးထားရမည်။ ထိုမြို့မှတပါး အခြားသောမြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။

7. ထိုသို့လေဝိသားတို့အားပေးရသော မြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။

8. ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနှုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကိုပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနှုတ်၍ လေဝိသားတို့အားပေးရမည်။

9. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

10. သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊

11. လူအသက်ကိုအမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။

12. ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီတိုင်အောင်၊ သေစားသေစေသောသူ၏လက်မှလွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။

13. လေဝိသားတို့အားပေးသောမြို့တို့တွင် ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊

14. ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကိုရွေးထားရမည်။

15. ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင်တည်းခိုသော တပါးသောအမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ဖြစ်သတည်း။

16. သို့ရာတွင် လူအသက်ကိုသေစေခြင်းငှါ၊ သံလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကိုအမှန်ခံရမည်။

17. လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။

18. လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။

19. သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 35