ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 33:42-56 Judson Bible (BJB)

42. ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌စားခန်းချကြ၏။

43. ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။

44. ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌စားခန်းချကြ၏။

45. ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌စားခန်းချကြ၏။

46. ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ်အရပ်၌ စားခန်းချကြ၏။

47. အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗောတောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။

48. အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချကြ၏။

49. ထိုသို့မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့တိုင်အောင် စားခန်းချကြ၏။

50. မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊

51. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊

52. ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကိုဖျက်ရကြမည်။ သူတို့လုပ်သောကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။

53. ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင်နေရကြမည်။

54. သင်တို့အဆွေအမျိုးတို့အားစာရေးတံချ၍ ထိုမြေကိုဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်းလျှင် နည်းသောမြေကိုပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။

55. သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန်အစင်မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသောသူတို့သည် သင်တို့မျက်စိ၌အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်းဖြစ်၍၊ သင်တို့နေသောပြည်မှာ သင်တို့ကိုနှောင့်ရှက်ကြလိမ့်မည်။

56. ထိုမှတပါး၊ သူတို့အားငါကြံစည်သည်အတိုင်း သင်တို့ကိုငါပြုမည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 33