ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:19-37 Judson Bible (BJB)

19. သင်တို့သည်ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူအပေါင်းတို့ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေကြလော့။

20. သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့်ရက်သောအရာ၊ သစ်သားဖြင့် လုပ်သောအရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထားလေ၏။

21. ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက်သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားဟူမူကား၊

22. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲအစရှိသော၊

23. မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ်၌ သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာရှိသမျှတို့ကို ရေအလယ်၌သွားစေရမည်။

24. သတ္တမနေ့၌ မိမိအဝတ်ကိုလျှော်ပြီးမှ၊ စင်ကြယ်ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။

25. ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊

26. ပရိသတ်အဆွေအမျိုးသူကြီးတို့သည်၊ ယခုလက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊

27. ထက်ဝက်ခွဲပြီးလျှင် တဝက်ကိုစစ်မှုထမ်း၍ အတိုက်သွားသောသူတို့အား၎င်း၊ တဝက်ကို ပရိသတ်အပေါင်းတို့အား၎င်း ပေးဝေလော့။

28. စစ်တိုက်သွားသောစစ်သူရဲတို့သည်၊ ထာဝရဘုရားအားပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကိ ကောက်ယူပြီးလျှင်၊

29. သူတို့ခံရသောထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြုဘို့ရာ ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။

30. ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုးအကောင်ငါးဆယ်တို့တွင် တကောင်ကိုကောက်ယူ၍ ထာဝရဘုရား၏တဲတော်ကိုစောင့်သော လေပိသားတို့အားပေးရမည်ဟု၊

31. မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ပြလေ၏။

32. စစ်သူရဲတို့သည်လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်းသော ဥစ္စာပေါင်းကား သိုးခြောက်သိန်းခုနစ်သောင်း ငါးထောင်၊

33. နွားခုနစ်သောင်းနှစ်ထောင်၊

34. မြည်းခြောက်သောင်းတထောင်

35. ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။

36. စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက်အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊

37. ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက်ရာခုနစ်ဆယ်ငါးကောင်တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31