ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 27:15-17-23 Judson Bible (BJB)

15-17. မောရှေကလည်း၊ ထာဝရဘုရား၏ပရိသတ်တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည်အကြောင်း၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ထုတ်ခြင်း၊ အတွင်းသို့သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေသောဟု ထာဝရဘုရားအား လျှောက်လေ၏။

18. ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သားယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ်မှာတင်လော့။

19. ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။

20. ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏စကားကို နားထောင်မည်အကြောင်း၊ သင်၏ဘုန်းအသရေအချို့ကို သူ့အပေါ်၌တင်ထားလော့။

21-22. ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊

23. သူ့အပေါ်မှာ လက်ကိုတင်၍မှာခဲ့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 27