ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 23:6-21 Judson Bible (BJB)

6. ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေ၏။

7. ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့်မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင်ဗာလက်က၊ လာပါ။ ငါ့အဘို့ယာကုပ်အမျိုးကိုကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့အပ်လိုက်ပါဟုခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှဆောင်ခဲ့ပြီ။

8. ဘုရားသခင်ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည်ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။

9. ကျောက်ပေါ်က သူ့ကိုငါမြင်၏။ တောင်ပေါ်က သူ့ကိုငါကြည့်ရှု၏။ ထိုလူမျိုးသည်တမျိုးတည်းနေ၍ အခြားတပါးသောလူမျိုးတို့နှင့် မရောနှောရ။

10. ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါစေသောဟု မြွက်ဆို၏။

11. ဗာလက်မင်းကလည်း၊ သင်သည် ငါ၌အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊

12. ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရသလောဟုပြန်ဆို၏။

13. ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ကျိန်ဆဲပါဟုဆိုလျက်၊

14. ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။

15. ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်လော့။ ငါသည် ထာဝရဘုရားကိုခရီးဦးကြိုပြုခြင်းငှါ အခြားတပါးသို့သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။

16. ထာဝရဘုရားသည် ဗာလမ်ကိုကြိုဆို၍ သူ၏နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

17. ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟုမေးလေ၏။

18. ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သားဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။

19. ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှါလူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါလူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။

20. ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော်ကိုငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကိုငါမဖျက်နိုင်။

21. ယာကုပ်အမျိုးကိုညှဉ်းဆဲသောအမှု၊ ဣသရေလအမျိုးတဘက်၌ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင်ကြားရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 23