အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 23 Judson Bible (BJB)

1. ထိုအခါဗာလမ်က၊ ဤအရပ်၌ငါ့အဘို့ ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကိုပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊

2. ဗာလက်မင်းသည်ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကိုပူဇော်ကြ၏။

3. ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့သွားပါမည်။ ထာဝရဘုရားသည် ငါ့ကိုကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အားပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအားဆိုပြီးမှ ကုန်းတခုပေါ်သို့တက်သွား၏။

4. ဘုရားသခင်သည် ဗာလမ်ကိုကြိုဆိုတော်မူလျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင်စီနှင့် သိုးထီးတကောင်စီကိုပူဇော်ပါပြီဟု လျှောက်လေ၏။

5. ထာဝရဘုရားသည် ဗာလမ်နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

6. ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေ၏။

7. ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့်မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင်ဗာလက်က၊ လာပါ။ ငါ့အဘို့ယာကုပ်အမျိုးကိုကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့အပ်လိုက်ပါဟုခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှဆောင်ခဲ့ပြီ။

8. ဘုရားသခင်ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည်ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။

9. ကျောက်ပေါ်က သူ့ကိုငါမြင်၏။ တောင်ပေါ်က သူ့ကိုငါကြည့်ရှု၏။ ထိုလူမျိုးသည်တမျိုးတည်းနေ၍ အခြားတပါးသောလူမျိုးတို့နှင့် မရောနှောရ။

10. ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါစေသောဟု မြွက်ဆို၏။

11. ဗာလက်မင်းကလည်း၊ သင်သည် ငါ၌အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊

12. ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရသလောဟုပြန်ဆို၏။

13. ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ကျိန်ဆဲပါဟုဆိုလျက်၊

14. ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။

15. ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်လော့။ ငါသည် ထာဝရဘုရားကိုခရီးဦးကြိုပြုခြင်းငှါ အခြားတပါးသို့သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။

16. ထာဝရဘုရားသည် ဗာလမ်ကိုကြိုဆို၍ သူ၏နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

17. ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟုမေးလေ၏။

18. ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သားဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။

19. ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှါလူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါလူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။

20. ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော်ကိုငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကိုငါမဖျက်နိုင်။

21. ယာကုပ်အမျိုးကိုညှဉ်းဆဲသောအမှု၊ ဣသရေလအမျိုးတဘက်၌ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင်ကြားရ၏။

22. ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့အားကြီး၏။

23. အကယ်စင်စစ်ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှမပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။

24. ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ထလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ထလိမ့်မည်။ ဘမ်းမိသောအကောင်ကို မစားမှီ၊ သတ်အပ်သောတိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင်ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။

25. ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန်ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊

26. ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီမဟုတ်လောဟု ဗာလက်မင်းအားပြန်ပြော၏။

27. တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြားသောအရပ်သို့ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကိုငါ့အဘို့ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အားဆိုလျက်၊

28. ယေရှိမုန်မြို့ကိုမျက်နှာပြုသော ပေဂုရတောင်ထိပ်သို့ ဆောင်သွားလေ၏။

29. ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကိုပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊

30. ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။