ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 22:7-26 Judson Bible (BJB)

7. မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန် ပြည်သားအသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင်ပါလျက်သွား၍၊ ဗာလမ်ထံသို့ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။

8. ဗာလမ်က၊ ယနေ့ညမှာဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။

9. ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ သင်၌ရှိသော ဤလူတို့သည် အဘယ်သူနည်းဟုမေးတော်မူလျှင်၊

10. ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သားဗာလက်သည် အကျွန်ုပ်ဆီသို့လူကိုစေလွှတ်၍၊

11. အဲဂုတ္တုပြည်မှ ရောက်လာသောလူအများသည်၊ မြေမျက်နှာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကိုငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကိုငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အားလျှောက်ဆို၏။

12. ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကိုမကျိန်ဆဲရ။ ကောင်းကြီးမင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ်အားမိန့်တော်မူ၏။

13. နံနက်ရောက်မှ၊ ဗာလမ်သည်ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သောအရာရှိတို့အား ပြန်ပြော လေ၏။

14. ထိုအခါမောဘပြည်အရာရှိတို့သည် ဗာလက်မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူမလိုက်လိုပါဟု လျှောက်ကြ၏။

15. တဖန်ဗာလက်မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ၍ အရာအားဖြင့် ဘုန်းကြီးသောမှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊

16. သူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ ဇိဖော်သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့မလာမည်အကြောင်း အဘယ်အဆီးအတားမျှမရှိပါစေနှင့်။

17. ငါသည် ကိုယ်တော်ကိုအလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။

18. ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစုံတခုကိုမျှ ငါမပြုနိုင်။

19. သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။

20. ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့နှင့်အတူ ထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာပြုရမည်ဟု မိန့်တော်မူ၏။

21. နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူလိုက်လေ၏။

22. ထိုသို့လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဆီးတားခြင်းငှါ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့်သွားစဉ်တွင်၊

23. ထာဝရဘုရား၏ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှါ ရိုက်လေ၏။

24. ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန်ရပ်နေ၏။

25. ထာဝရဘုရား၏ကောင်းကင်တမန်ကို မြည်းသည်မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌တိုး၍ ဗာလမ်၏ခြေကိုဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။

26. ထာဝရဘုရား၏ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 22