26. ထာဝရဘုရား၏ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။
27. မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။
28. ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
29. ဗာလမ်က၊ သင်သည် ငါ့ကိုကျီစားပါသည်တကား။ ငါ၌ထားရှိပါစေသော။ ထားရှိလျှင် သင့်ကိုယခုသတ်မည်ဟု မြည်းအားဆို၏။
30. မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တခါမျှ ဤသို့ငါပြုဘူးသလောဟု ဗာလမ် အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
31. ထိုအခါထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ပြပ်ဝပ်လေ၏။
32. ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့်ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်၊ သင့်ကိုဆီးတားခြင်းငှါ ငါထွက်လာပြီ။
33. မြည်းသည်ငါ့ကိုမြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကိုအသက်ချမ်းသာပေးလေပြီဟု ဆို၏။
34. ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါမည်ဟု ထာဝရဘုရား၏ကောင်းကင်တမန်အားဆိုလျှင်၊
35. ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူလိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အားမိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
36. ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်းကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန်အာနုန်ချောင်းနားမှာရှိသော မြို့တမြို့သို့ထွက်သွား၏။
37. ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့်နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊