ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 22:1-12 Judson Bible (BJB)

1. တဖန် ဣသရေလအမျိုးသားတို့သည်ခရီးသွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ တဲဆောက်ကြ၏။

2. အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သားဗာလက်မင်းသိမြင်လျှင်၊

3. ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊

4. နွားသည် မြက်ပင်ကိုလှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကိုလှမ်း၍စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အားဆိုကြ၏။ ထိုအခါ ဇိဖော်သားဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊

5. အမ္မုန်ပြည်၌စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကိုစေလွှတ်၍၊ အဲဂုတ္တုပြည်မှရောက်လာသော လူတမျိုးသည် မြေမျက်နှာကိုဖုံးလွှမ်းလျက် ငါ့အနား၌နေရာချကြပြီ။

6. သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကိုငါတိုက်၍ ငါ့ပြည်မှနှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီးပေးသောသူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟုမှာလိုက်လေ၏။

7. မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန် ပြည်သားအသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင်ပါလျက်သွား၍၊ ဗာလမ်ထံသို့ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။

8. ဗာလမ်က၊ ယနေ့ညမှာဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။

9. ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ သင်၌ရှိသော ဤလူတို့သည် အဘယ်သူနည်းဟုမေးတော်မူလျှင်၊

10. ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သားဗာလက်သည် အကျွန်ုပ်ဆီသို့လူကိုစေလွှတ်၍၊

11. အဲဂုတ္တုပြည်မှ ရောက်လာသောလူအများသည်၊ မြေမျက်နှာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကိုငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကိုငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အားလျှောက်ဆို၏။

12. ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကိုမကျိန်ဆဲရ။ ကောင်းကြီးမင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ်အားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 22