ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 20:9-27 Judson Bible (BJB)

9. မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊

10. အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဘို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟုဆိုလျက်၊

11. မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည်သောက်ရကြ၏။

12. ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည်ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူ၏။

13. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကိုခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။

14. မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊

15. အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊

16. အကျွန်ုပ်တို့သည် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာအကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ရှိကြပါ၏။

17. ကိုယ်တော့်ပြည်အလယ်၌ရှောက်၍ သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မှီတိုင်အောင်၊ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။

18. ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မရှောက်မသွားရ။ ရှောက်သွားလျှင်၊ ထားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။

19. ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ ရှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဘိုးကိုပေးပါ မည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊

20. ဧဒုံက၊ သင်သည်ရှောက်၍မသွားရဟုဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှါထွက်လာ၏။

21. ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည်လွှဲရှောင်လေ၏။

22. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။

23. ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊

24. သင်တို့သည်မေရိဘစမ်းရေနားမှာ ငါ့စကားကိုဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့သွားရမည်။

25. သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊

26. အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့သွားရမည်ဟု၊

27. မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့တက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 20